Monday, July 8, 2013

ကျပ် ၁၅၀၀ ဖုန်းများ ထွက်လာခဲ့သော်လည်း မိုဘိုင်းဟန်းဆက်ဈေးကွက် သိသိသာသာ တိုးတက်လာခြင်းမရှိသေး

Post oleh : Min Thu Ra | Rilis : 9:46 AM | Series :

လက်ရှိအချိန်တွင် အသုံးပြုခွင့်ပေးလျက်ရှိသော ကျပ် ၁၅၀၀ MEC CDMA800MHz ဖုန်းများ ထွက်ရှိလာခဲ့သော်လည်း မိုဘိုင်းဖုန်းဟန်းဆက်ဈေးကွက်မှာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ခြင်း မရှိသေးကြောင်း သိရသည်။


အဆိုပါ ကျပ် ၁၅၀၀ ဖုန်းများ မထွက်ခင်အချိန်ခန့်က မိုဘိုင်းဟန်းဆက်ဈေးကွက်မှာ သိသိသာသာ အေးစက်နေခဲ့ပြီး ကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲတန် GSM, WCDMA ဖုန်းလိုင်းကတ်များ ရောင်းချမှု ရပ်ဆိုင်းထားချိန်မှစတင်ကာ ဟန်းဆက်ဈေးကွက် အေးစက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ပြောပြရာတွင် “မိုဘိုင်းဖုန်းဟန်းဆက်ဈေးကွက်က အေးလာခဲ့တာ အချိန်နည်းနည်း ကြာပြီလို့ ဆိုရမလိုဖြစ်နေပါတယ်။ ကျပ် ၂ သိန်းနဲ့ ၂ သိန်းခွဲတန် GSM, WCDMA လိုင်းကတ်တွေ ရောင်းချနေတဲ့ အချိန်တုန်းကတော့ ဈေးကွက်က အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ အဲဒီကတ်တွေ အရောင်းရပ်ဆိုင်းလိုက်တဲ့ အချိန်ကနေစပြီး ဈေးကွက်က အေးနေခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ ၂ လ ၃ လ လောက်ရှိလို့ ပြောရမှာပါပဲ။ လိုင်းကတ်တွေ ထွက်နေတုန်းကတော့ ဘာပဲဖြစ်ဖြစ် ဈေးကွက်ထဲမှာ တစ်နေ့တစ်နေ့ကို နည်းနည်းတော့ရောင်းရပါတယ်။ ကျပ် ၂ သိန်း ၂သိန်းခွဲ လိုင်းကတ်တွေ ခေတ္တရပ်ဆိုင်းသွားတဲ့အချိန်မှာ ဈေးကွက်က သိသိသာသာ အေးသွားခဲ့ပါတယ်။ အချို့ဆိုင်တွေမှာဆိုရင် ရောင်းအားက မရှိတော့သလောက် ဖြစ်သွားတယ်လို့ ဆိုင်တွေကပြောကြတယ်။  ခု ၁၅၀၀ တန် CDMA 800MHz လိုင်းကတ်တွေ ထွက်မယ်ဆိုတော့ ဈေးကွက်က နည်းနည်းပြန်လှုပ်ခတ်သွားခဲ့ပါတယ်။ ဆိုင်တွေကလည်း ဈေးကွက်ပြန်ရပြီလို့ မျှော်လင့်နေကြပေမယ့် ထင်သလောက်ထိ ဈေးကွက်က မတိုးတက်လာခဲ့ပါဘူး။ လိုင်းကတ်တွေမထွက်ခင် အချိန်တုန်းကထက် စာရင်တော့ ဈေးကွက်နည်းနည်း ရှိလာရုံလောက်ပါပဲ။ လိုင်းကတ်ထွက်တဲ့နှုန်းကလည်း နည်းနေသေးလို့ ဖြစ်နိုင်ပါလိမ့်မယ်။ ဈေးကွက်က ခုချိန်မှာ ပုံမှန်လေးပဲ ဖြည်းဖြည်းချင်း သွားနေပါတယ်။ လိုင်းကတ်ထွက်လို့ သိသိသာသာ ရောင်းအားတက်သွားတယ်လို့တော့ သိပ်မတွေ့ရသေးပါဘူး” ဟုသုံးသပ်ပြောပြခဲ့ကြသည်။ ထို့ပြင် တန်ဖိုးနည်း GSM နှင့် WCDMA လိုင်းကတ်များပါ ထွက်လာခဲ့ပါက မိုဘိုင်းဟန်းဆက်ဈေးကွက်မှာ ယခုထက် ပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်းနှင့် အဆိုပါ တန်ဖိုးနည်းလိုင်းကတ်များကိုလည်း ဈေးကွက်အတွင်းရှိ ဟန်းဆက်ရောင်းချသူများမှ မျှော်လင့်လျက်ရှိကြကြောင်း သိရသည်။

Credit to Internet Journal

                                                           Admin - Min Thu Ra

google+

linkedin